Friday, May 28, 2010

လွမ်းမိပါသေးတယ်



တို့တွေ... သစ်ပုတ်ပင်အိုမှာ
မကွန်းခိုခဲ့ ရပေမယ့်
ရွှေညောင်ပင် အေးရိပ်မှာ
သန့်ရှင်းရေး လုပ်ခဲ့ တာလေး
ငါတော့ အမှတ်ရနေသေးတယ်....။
ကံ့ကော်တောရဲ့ သင်းပျံရနံ့ ကို
ရှူရှိုက်ခွင့် မရခဲ့ပေမယ့်
ရနံ့ ပြယ်သော ချယ်ရီတောကို
ငေးမော ခဲ့ရတဲ့ အခိုက်အတန့်လေး
ငါတော့ ပြန်လွမ်းမိသေးတယ်....။
ပုဂံလမ်းကနေ မျှော်စောင့်နေမယ်
ပြောခွင့် အခါမသင့်ခဲ့ပေမယ့်
ချစ်သူကိုကြိုလင့်ရတာ
ငါတော့ ပိုရင်ခုန်ခဲ့ရဖူးရဲ့....။
ဂျင်ဆင်လမ်းထက် ချစ်ဦးသူလက်ကိုတွဲ
ကြည်နူးစွာ မလျှောက်ခဲ့ဖူးပေမယ့်
အောင်စစ်သည်လမ်းထက် လက်ဆွဲအိတ်ကိုဆွဲ
လက်အပြည့်လွှဲ လျှောက်လှမ်းခဲ့တဲ့ ခြေလှမ်း
ငါတော့ အခုထိ ရဲရင့်နေဆဲပဲ....။
လွတ်လပ်ခြင်းတွေ စိမ်းလန်းတဲ့
ဒဂုံတက္ကသိုလ်မှာ တို့တွေမခိုလှုံခဲ့ ကြရပေမယ့်
ချယ်ရီရိပ်ပျို အမိစစ်တက္ကသိုလ်မှာ
လွတ်လပ်မှုကို မြိုချ ချွေးစက်တွေ ခါထုတ်ခဲ့ရတဲ့
ထိုထို နှစ်များကိုတော့ ငါတို့
ဘယ်လိုမေ့လို့ ရမှာလည်းကွာ....................။


စံပယ် ရဲ့ မောင်




Monday, May 24, 2010

သခင်



ထားရာနေ စေရာသွား
နတ်ဖုရားမထံပါး အခစားဝင်
အမျက်တော် ကြေစေကြောင်း
စကားလုံးကောင်းများ ရှာဖွေ
အခါခါ သံတော်ဆင့်
ပြန်တမ်းတို့ လွင့်မလာတဲ့ အရပ်မှာ
အခွင့်ကို မျှော်လင့်နေကြောင်းပါသခင်......။
ပြန်စဉ်းစားပါဦး သခင်
သခင့်အလိုကျ နေပြခဲ့တာလည်း
ရင်တွင်းမာနတို့ ပါးလျကုန်ပြီ
သခင် တောင်းခဲ့ဖူးသော ကတိအထပ်ထပ်
သစ္စာရှိစွာ စောင့်သိလျှက်ပါ
ဖောက်ဖျက်ရန်ရှိက အကျွန့်အသက်
အလဲအထပ် ပြုပါတယ်သခင်........။
လူပင်မို့ ကြွမိတဲ့အတ္တ
အခါမသင့်တဲ့ ခဏ
ထာဝရမှ မဟုတ်တာသခင်
အမျက်တော် မာန်ရှ
ထာဝရဆိုလျှင်ဖြင့် အကျွန့်ရင်ဘတ်
နုတ်နုတ်တာ စင်းပါတော့
အသည်းနှလုံးကို စဉ်းနှီတုံးလုပ်
သင့်သလိုသာ သုံးပါတော့ သခင်......။
သခင်ဥပေက္ခာ ရှေ့ထား
အကျွန့် ရင်ဝယ်တွင်း နေဆယ်စင်းမျှ
ပူလောင်ခြင်း ဗျာပါဒ
တစ်စ တစ်စ ထကြွနေတာ
သခင် မသိလေရော့သလား
နေနိုင်ရက်အား လွန်လွန်းလှပါတယ်
လှည့်မကြည့်ချင်လည်း ငဲ့ကြည့်ဖို့
ရွှေမျက်နှာတော်တစ်ချက် ၀င့်လျှင်ဖြင့်
ရင်တွင်း အပူတို့ ငြိမ်းအေးရပါပြီ သခင်..........။


စံပယ် ရဲ့ မောင်


Friday, May 21, 2010

မင်းလေးကြောင့်



ဗင်လာဒင် ရဲ့ အကြမ်းဖက်လုပ်ရပ်
WTC ညီနောင် မြေခလို့ ဗုန်းဗုန်းလဲကျတာလည်း
မင်းလေးကြောင့်မဟုတ်ရပါဘူး.......။
ဟီရိုရှီးမား၊နာကာစကီ နျူကျဲခံရလို့ ပြာကျ
ကမ္ဘာသိ ငါသိ မင်းလေးလည်းအသိ
ဒါလည်းမင်းလေးကြောင့် မဟုတ်ရပြန်ဘူး.........။
ကလီယိုပက်ထရာ ဇာပုဝါပါးလွှမ်းခြုံ
ရောမအင်ပါယာ တစ်ခုလုံး မီးဟုန်းဟုန်းတောက်လောင်တာ
မင်းလေး....မင်းလေးကြောင့်မှ မဟုတ်တာပဲကွယ်.........။
ညို့အားပြင်း မျက်ဝန်းတစ်စုံနဲ့ အကြည့်ချင်းဆုံ
နှလုံးခုန် ကြိမ်နှုန်း 1500 ထိ ဆောင့်တက်
ငါ့လက်ဝဲ နံရိုးနှစ်ချောင်း အက်တဲ့ ကိစ္စကတော့
မင်းလေးနဲ့ အသေအချာ သက်ဆိုင်နေပါတယ်ချစ်သူ........။

စံပယ် ရဲ့ မောင်


Tuesday, May 18, 2010

ဇူလှိုင်


မိုးကလေးက တစိမ့်စိမ့်
လေကလေးက တသိမ့်သိမ့်
လှိုင်းကလေးက တလိမ့်လိမ့်
သစ်ရွက်ကလေးတွေ ကလည်း
တဖြုတ်ဖြုတ်နဲ့ကြွေနေတယ်လေ....
အဲ့ဒီအအချိန်မှာ ငါကတော့
မင်းကို တငြိမ့်ငြိမ့်လေး
လွမ်းလို့ပေါ့...။

စံပယ် ရဲ့ မောင်

Sunday, May 9, 2010

စုန်ရဲရဲ ဆန်ရဲရဲ


ထာဝရဦးညွှတ်ပါတယ် အမေ
အမေ့ဂုဏ်ရည် အထူးထူးကို
အပြည့်အ၀ဖော်ကျူးဖို့
ဒီနေ့အထိ ဘယ်သူမှ
ဥာဏ်မကွန့် မြူးနိုင်သေးတာ
အားလုံးတခဲနက် လက်ခံလျက်ပဲ.....။
အမေလို့ လျှာဖျားလေးနဲ့
မြည်းတမ်းလိုက်ရင်တောင်
လှိုက်လှိုက်တက်လာတဲ့
ရင်ထဲကကြည်နှုးမှု
အမေ့မေတ္တာကြောင့်ဆိုတာ
ဘယ်သူမှ မငြင်းဝံ့ဘူး အမေ.....။
ခေတ်အဆက်ဆက်က
သူရဲကောင်းတွေထက်
မြင့်မြတ်သူတွေဆိုတာ
အမေဆိုတဲ့ အမည်နာမ
သမုတ်ခံရသူတွေသာ ဖြစ်ရဲ့....။
အသက်ကိုအရင်းထား
စွန့်စားရဲ့တဲ့ အမေ့အတွက်
သားသမီးတိုင်း
ပြန်ရဲရင့်ခွင့်ရှိသင့်တာပေါ့
ပြန်ရဲရင့်သင့်တာပေါ့........။
သားတော့
အမေ့အတွက်နဲ့ဆို
တလောကလုံးနဲ့ တစ်ယောက်
အန်တုပြီးရန်ပြုရဲတယ်အမေ.........။

စံပယ် ရဲ့ မောင် (9.5.2010)

Friday, May 7, 2010

စံပယ့် ဘဝ ရဲ့ မောင်



စံပယ် အရမ်းချစ်ရတဲ့မောင်ကို ရင်ထဲက အတိုင်းလေး
တင်စားလိုက်ချင်တယ်....မောင်ရယ်

......လိုင်းကြီး လှေအောက်....ဆိုတဲ့စကားပုံလေးလိုပေါ့
စံပယ့် ဘဝမှာ ဘယ်လိုအခက်အခဲ တွေ
စိတ်ညစ်စရာ တွေ တွေ့ကြုံ နေရပါစေ
မောင် ဆိုတဲ့ အင်းအားတစ်ခု နဲ့ အရာအားလုံးကို
ကျော်လွှားစေနိုင်ခဲ့တယ်လေ....

......သစ်တပင် ကောင်းရင် ငှက်တသောင်းနား.....တဲ့
အဲ့ အတိုင်းလေးပါ စံပယ့်ရဲ့ နားခိုစရာ ရင်ခွင်တခုပေါ့
စံပယ့် ဘဝရဲ့ မောပန်းမှု့ မှန်သမျှ အားလုံးကို မောင်က
အမောပြေသွားအောင် နားခိုခွင့် ပေးခဲ့တာ
စံပယ့် ရဲ့ ထာဝရ မောင်ပါ....

.......စီးတဲ့ ရေ ဆယ်တဲ့ကန်သင်း .......တဲ့
စံပယ့် ဘဝ ရဲ့ အဆိုးအကောင်း မှန်သမျှကို
နားလည်မှု့ တခုထဲနဲ့ အားလုံးလက်ခံပြီး
အကောင်းတွေဘဲလို့ သတ်မှတ်ပေးပြီ
ပြုမှုသမျှတိုင်းကို လက်ခံ အားပေးခဲ့တဲ့
မောင့် ရဲ့ မေတ္တာ ကတော့ ဘယ်အရာနဲ့မှ
နှိုင်းပြစရာ မရှိပါဘူး......

.......မောင် စံပယ်ကို့ဘယ်လောက်ထိ ချစ်လည်းဆိုတာ
စံပယ်သာလျှင် အသိဆုံးပါ
ချစ်တက်လွန်းအားကြီးတဲ့မောင်
ပေးဆပ်အနစ်နာ ခံနိုင်လွန်းတဲ့မောင်
နားလည်မှု့ အပြည့် ရှိတဲ့မောင်
စံပယ့်ဘဝမှာ မောင့်ကို ဘယ်အရာနဲ့မှ
နှိုင်းပြစရာမရှိခဲ့တော့ပါဘူး........

..........စံပယ်ရဲ့ ရင်တွင်းခံစားချက်ကို
ကြားသိတဲ့သူတိုင်း မောင် လိုမျိုး
စစ်မှန်တဲ့ အချစ်နဲ့ချစ်တက်တဲ့ချစ်သူမျိုး လေး
တွေ့ကြုံ ရရှိပါစေလို့ စံပယ်ဆုတောင်းပေးရင်းနဲ့
နောက်ဆုံးပြောချင်တဲ့ စကားတခွန်းက....

* အရမ်းးးးးးးးးးချစ်တယ် မောင်ရယ် ...ဘယ်တော့မှ မခွဲဘူး*

* အသည်း နင့် အောင် ချစ် တယ် *

* ပျော် ရွှင် စရာ မိသားစု ဘဝလေးကို တည်ဆောက်ကြမယ် *

* ဘဝ ဆက် တိုင်း ပေါင်း ကြမယ်နော် *



မောင့်ကို အရမ်းချစ်တဲ့ စံပယ်

၅ - ၅ - ၁၀


Saturday, May 1, 2010

အချစ်ဦး




ချစ်တတ်စအရွယ်

လူငယ်တစ်ယောက်ရဲ့ 

နှလုံးသားမှာအချစ်ပန်းလေး

ဖူးပွင့်နေခဲ့လို့

ချစ်ဝတ်မှုန်လေးတွေကို

မင်းရဲ့ နှလုံးသားဆီ

ပို့ဆောင်နိုင်ဖို့ရာ

မင်းဆီကချစ်လိပ်ပြာလေးကို

မျော်လင့်လျှက်ပါ………