Friday, February 26, 2010

ပြိတ္တာဘုံမှ ကျွန်မ



မြင့်မိုရ်တောင်ဦး မကကျူးသား"
အစချီလို့ သင်ခဲ့ဘူးတယ် အနန္တဂိုဏ်းဝင် ကျေးဇူးရှင်
အစွန်းရောက် အလျှော့မပေးချင်သော လူသားနှစ်ဦး
မာနပြိုင်ပွဲမှာ ဓါးစာခံဖြစ်သွားတဲ့"ငါ"

ပူနေဆဲ ပါးနှစ်ဘက် အရာကျန်နေသေးတယ်
ငါရခဲ့တဲ့ အမွေမို့ မေ့လို့မရဘူး။
မကြားဝံ့ မနာသာ စကားစုထက်ထက်တွေက
ငါ့ဘဝရဲ့ ငြိမ့်ညောင်းဆုံး ချော့မြူသံတဲ့!!!!!

"ဆွေမျိုး"ဆိုတာလာမပြောနဲ့
ငါဦး(အုန်း)စားတယ်
အပင်လိမ်တွေများတဲ့ ပညတ်ချက်များ
မှတ်ထား "ငါ"ဆိုတာတကိုယ်တည်းသမား

အဆုံးမမြင်တဲ့ လမ်းကိုလျှောက်နေရင်း
နောက်ဆုံးဂိတ်ပေါက် လက်မှတ်ဖျောက်လိုက်ပြီ
ပြန်လှည့်ဖို့လမ်းမရှိတော့ဘူး

ဇွတ်ဆက်တိုးမယ် ငါ့အိမ်မက်လမ်း
မကူညီချင်နေပါ ကျေးဇူးပြု၍ မနှောင့်ယှက်ပါနဲ့
သာသာနာနာထိုးနေတဲ့ လေတိုးသံတွေ
ဟိုဘက်ကဝင် ဒီဘက်ကပြန်ထွက်သွားတယ်
ဆိုးပေလို့ထင်ရင် တောင်းပန်ပါတယ်

သံယောဇဉ်လဲ အမျှင်မတန်းတော့ဘူး
မုဒိတာလဲ မပွားနိုင်တော့ဘူး
ဥပေက္ခာနဲ့ သွားရတော့မယ်
ငါ့အတွက် ကျောက်စရစ်နဲ့လမ်း

လူရှေ့မှာ အားနဲ့ပြုံး
နောက်ကွယ်မှာ ရုန်းလို့မရတဲ့ အပြင်းစားအမုန်းတွေကြောင့်
ကိုယ့်ကိုကိုယ် သတိထားမိတယ်
သြော် ပြိတ္တာဘုံရောက်နေပါရော့လား

ကလောင်ထမ်းလို့ ဖွင့်ချမိတယ်
ငါမှားတယ်လို့ လုံးဝမထင်ဘူး
နောက်ဘဝဆိုတာရှိခဲ့ရင်
ချစ်ခြင်းတရားမှ ပေါက်ဖွားရပါလို၏။



(backy)

No comments:

Post a Comment